Category - Business Management

Posted on - 2020-11-27 16:12:05

လုပ်ငန်းရှင်တိုင်း ဖတ်ရှုထားသင့်တဲ့စာအုပ် (၆) အုပ်

Description

'----------'

စီးပွားရေးလုပ်ငန်းတွေကို စီမံအုပ်ချုပ်နေသူတွေ၊ လုပ်ငန်းပိုင်ရှင်တွေနဲ့  အခုမှလုပ်ငန်းစတင်တည်ထောင်ဖို့စိတ်ကူးနေသူတွေအတွက် မဖြစ်မနေသိထားသင့်တာတွေကို ရေးသားဖော်ပြထားတဲ့စာအုပ်များအနက်က သိပ်နာမည်ကြီးတဲ့ စာအုပ်ကောင်း ၆-အုပ်အကြောင်းကို အညွှန်းအနေနဲ့ ဖော်ပြပေးချင်ပါတယ်။

 

Good to Great - "ဒီစာအုပ်ကတော့ မဖြစ်မနေ ဖတ်ဖူးထားသင့်တယ်" လို့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မန်နေဂျာကြီးတွေက ညွှန်းဆိုရတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကိုရေးသားခဲ့တဲ့ စာရေးသူ Jim Collins ဟာ စွမ်းဆောင်ရည် သိပ်ကောင်းတဲ့ကုမ္ပဏီအမြောက်အများကို နှစ်ပေါင်းများစွာ အသေးစိတ်လေ့လာခဲ့ပြီးတော့ သူ့ရဲ့တွေ့ရှိချက်တွေကို ပြန်လည်သုံးသပ်ပြီး ဒါကို ရေးသားခဲ့ပါတယ်။ အဲဒီတွေ့ရှိချက်တွေအရ Great လို့ပြောရလောက်အောင် စွမ်းဆောင်ရည်သိပ်ကောင်းတဲ့လုပ်ငန်းတွေဟာ ဘယ်နေရာတွေမှာ သာလွန်ကောင်းမွန်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို အဓိကအပိုင်း ၃-ပိုင်းခွဲပြီး ဖော်ပြထားပါတယ်။ စာရေးသူက လုပ်ငန်းတွေကို စီမံခန့်ခွဲမှုပိုင်းမှာ နည်းပညာတွေ၊ မဟာဗျုဟာတွေက အရေးပါတာမှန်ပေမယ့်လဲ တကယ်စွမ်းဆောင်မှုကောင်းတဲ့ Great ကုမ္ပဏီတွေမှာ တွေ့ရှိရတဲ့အချက်တွေကို ဂရုစိုက်လေ့လာပြီးတော့ ကိုယ့်လုပ်ငန်းကို တိုးတက်အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

 

Small Giants - လုပ်ငန်းတစ်ခုရဲ့ ကြီးထွားဖွံ့ဖြိုးလာမှုပုံစံကိုကြည့်ရင် အသေးစား၊ အလတ်စားလုပ်ငန်းတွေအဖြစ် စတင်တည်ထောင်ပြီး ဖွံ့ဖြိုးကြီးထွားလာချိန်မှာ အများပိုင်ကုမ္ပဏီကြီးတွေအဖြစ် ကူးပြောင်းကြတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုသမားရိုးကျတိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းကို မရွေးချယ်ပေမယ့်လည်း ထူးထူးခြားခြား အောင်မြင်နေတဲ့ လုပ်ငန်းတစ်ချို့ရှိပါတယ်။ ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်းကြီးတွေမှာ စီးပွားရေးဆောင်းပါးတွေကို ရေးသားနေသူတယောက်ဖြစ်တဲ့ စာရေးသူ Bo Burlingham ဟာ စံနမူနာပြုရလောက်အောင် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အမေရိကန်နိုင်ငံက လုပ်ငန်း (၁၄) ခုကို အသေးစိတ်လေ့လာခဲ့ပြီးတော့ သူတို့ရဲ့ထူးခြားချက်တွေကို Small Giants ဆိုတဲ့စာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ စာရေးသူက အဲဒီလုပ်ငန်းတွေဟာ အရွယ်အစားသေးငယ်ပေမယ့်လဲ၊ကြီးမားတဲ့ရလဒ်တွေဖြစ်ပေါ်အောင် စွမ်းဆောနိုင်ကြတယ်လို့ဆိုခဲ့ပြီးတော့၊သူ့ရဲ့လေ့လာမှုကတဆင့် အဓိကတွေ့ရတဲ့လက္ခဏာရပ်တွေကို ဒီစာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။

 

What Great Brands Do - လူအများစုက "အောင်မြင်တဲ့ Brand တံဆိပ်တစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတာဟာ စားသုံးသူတွေရဲ့အကြိုက်ကို အသေးစိတ်လေ့လာနိုင်မှု၊ဈေးကွက်အတွင်းမှာ အချိန်ကိုက်ဆောင်ရွက်နိုင်မှု၊ ကံအကျိုးပေးကောင်းမွန်မှု စတဲ့အချက်တွေနဲ့ အဓိကသက်ဆိုင်တာ" လို့ ယူဆကြပေမယ့် တကယ်တော့ လုပ်ငန်းတစ်ခုရဲ့ Brand က နာမည်ကျော်ကြားတယ်ဆိုတာ သူ့ရဲ့ နေ့စဉ်ဆောင်ရွက်နေတဲ့လုပ်ငန်းလည်ပတ်မှုတွေကြောင့်ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် Brand အမှတ်တံဆိပ်ဆိုတာ ကုမ္ပဏီနဲ့ကုန်ပစ္စည်းအပေါ်မှာ လူတွေမြင်တဲ့ ထင်မြင်ယူဆချက်သက်သက်မဟုတ်ဘဲ၊ လုပ်ငန်းတစ်ခုရဲ့ ကိုယ်ပိုင်အရည်အသွေးကို ထင်ဟပ်နေစေတဲ့အရာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကမ္ဘာကျော် Brand တွေရဲ့အတိုင်ပင်ခံသူတစ်ယောက်အဖြစ်လက်တွေ့လုပ်ဆောင်ခဲ့တဲ့ Denise Lee Yohn က "What Great Brands Do" စာအုပ်မှာ ရေးသားခဲ့ပြီးတော့၊ ဒီစာအုပ်ဟာ "အောင်မြင်တဲ့ Brand တံဆိပ်တွေမှာ တွေ့ရလေ့ရှိတဲ့အချက် ၇-ခု" ကို အဓိကဖော်ပြထားပါတယ်။

 

The Art of Negotiation - စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သတ်လုပ်ကိုင်နေရသူတွေအနေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းကို မဖြစ်မနေလုပ်ဆောင်ရတာမို့ ဒါကိုကျွမ်းကျင်ခြင်းဟာ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေအတွက် အများကြီးအကျိုးရှိစေပါတယ်။ ဟားဗတ်စ်တက္ကသိုလ်မှာ စေ့စပ်ညှိနှိုင်းမှုဘာသာရပ်ကို အထူးပြုသင်ကြားသူတစ်ဦးဖြစ်တဲ့ ပါမောက္ခ Michael Wheeler ဟာ စေ့စပ်ညှိနှိုင်းမှုနယ်ပယ်မှာ လက်တွေ့ လုပ်ဆောင်နေသူဖြစ်ပြီးတော့၊ အမေရိကန်အစိုးရရဲ့အဖွဲ့အစည်းအချို့ကိုလဲ အကြံပေးနေသူဖြစ်ပါတယ်။ သူရေးသားထားတဲ့ ဒီစာအုပ်ဟာ သိပ်နာမည်ကြီးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီးတော့၊ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ပတ်သတ်နေသူတိုင်း သိရှိထားရမယ့်အချက်တွေကို ရေးသားဖော်ပြထားပါတယ်။

 

The Five Temptations of a CEO - ဒီနေ့ခေတ်အချိန်မှာ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနေကြတဲ့ CEO တွေအများစုဟာ မဟာဗျူဟာသစ်တွေဖော်ဆောင်ခြင်း၊ ဈေးကွက်သစ်တွေရှာဖွေခြင်းတွေမှာ ကျွမ်းကျင်ကြပေမယ့် ကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်တဲ့အပိုင်းမှာတော့ အားနည်းလေ့ရှိကြပါတယ်။ CEO အများစုအနေနဲ့သတိမပြုမိတဲ့ အချက်က သူတို့ရဲ့ အောင်မြင်မှုတွေဆိုတာဟာ သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု ဆိုတာထက် "မှန်ကန်တဲ့ အမူအကျင့်ပိုင်းဆိုင်ရာ အလေ့အထတွေကြောင့်"ဆိုတာပဲ ဖြစ်ပါတယ်။ ဒါတွေကို သတိပြုမိစေဖို့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုပညာရပ်ပိုင်းမှာ နာမည်ကျော်ကြားသူ Patrick Lencioni က CEO တွေရဲ့ စွမ်းဆောင်နိုင်မှုကို အားနည်းစေပြီးတော့ လုပ်ငန်းရဲ့ရလဒ်တွေကို ထိခိုက်စေနိုင်တဲ့အရာတွေကို "CEO တွေသတိပြုရှောင်ကျဉ်ရမယ့်ဆွဲဆောင်မှု (၅) ခု" ဆိုတဲ့စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။

 

Built to Last - သာမာန်ထက်ပိုပြီး ထူးခြားအောင်မြင်တဲ့လုပ်ငန်းတွေအကြောင်းကိုဖော်ပြထားတဲ့ Good to Great ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့သူ Jim Collins ဟာ၊ Built to Last ဆိုတဲ့ စာအုပ်ကိုလဲ စတန်းဖို့တက္ကသိုလ်က ပါမောက္ခတစ်ဦးနဲ့အတူတွဲဖက်ပြီးတော့ ရေးသားခဲ့ပါတယ်။ စာရေးသူတို့ဟာ ဒီစာအုပ်ကိုရေးသားဖို့အတွက် စံနမူနာပြုရလောက်တဲ့ ကမ္ဘာကျော်လုပ်ငန်းတွေ အများအပြားနဲ့ ထင်ရှားတဲ့ စီမံခန့်ခွဲသူ CEO ပေါင်း တစ်ရာကျော်ကို တွေ့ဆုံခဲ့ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို စနစ်တကျ နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ သူတို့ဟာ အဲဒီလို ၆-နှစ်ကျော်လေ့လာခဲ့ပြီးတော့ "ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ လုပ်ငန်းတွေဟာ ဘာကြောင့်ဒီလို အောင်မြင်နေရသလဲဆိုတဲ့ အကြောင်းရင်းခံတွေ" ကို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Small Giants

အောင်မြင်