Category - Personal Development

Posted on - 2020-11-27 16:18:16

"စိတ်ဓာတ်ကျခြင်း" ကို သက်သာစေမယ့်နည်းလမ်းကောင်းများ

Description

'----------'

မင်္ဂလာပါရှင်။ Aung Myin Page ကနေ ကြိုဆိုလိုက်ပါတယ်နော်။🥳
ဒီနေ့မှာတော့ "စိတ်ဓာတ်ကျတဲ့အခါ ဘယ်လို ကြိုးစားဖြေဖျောက်ရမလဲ" ဆိုတဲ့အကြောင်းလေးကို ဆွေးနွေးသွားမှာဘဲ ဖြစ်ပါတယ်။ ကဲ.. ဘယ်လိုနည်းလမ်းတွေရှိသလဲဆိုတာ သိအောင် ဖတ်ကြည့်ကြရအောင်။

 

(1) အိပ်ရေးဝအောင် အိပ်စက်ပါ။
စိတ်ဓါတ်ကျတယ်... စိတ်ညစ်လာတယ် ဆိုတာက ကိုယ်က စိတ်ညစ်စရာ ကိစ္စတွေကို အချိန်ပြည့်တွေးနေမိလို့ပေါ့။ ဘယ်လို ဖြေရှင်းရမလဲ မတွေးဘဲ ဒီလိုစိတ်ညစ်စရာကို တွေးပါများလာရင် စိတ်ဓာတ်ကျဆင်းမှုဆိုတဲ့ Depression ဝင်လာတတ်ပါတယ်။
အမျိုးမျိုးသော စိတ်ညစ်စရာ ကိစ္စတွေကြောင့် Depression ဝင်လာလေ့ရှိပါတယ်။ ဒါကြောင့် ဘာမှစဉ်းစားလို့မရတဲ့အခါ၊ဂ အရမ်းစိတ်ပျက်ဝမ်းနည်းလာတဲ့အခါ အကောင်းဆုံးက ဘာမှမစဉ်းစားဘဲ အိပ်ပစ်လိုက်ပါ။ အိပ်ရေးဝတဲ့အခါ စိတ်ကကြည်လင်လာပြီး အကြံဉာဏ်တွေထွက်လာပါတယ်။ ညဘက်အိပ်မပျော်တဲ့ရောဂါရှိသူတွေ၊ အိပ်ရေးပျက်သူတွေဟာ Depression ပိုပြီးဝင်တတ်ကြပါတယ်။
ဒါ့ကြောင့် စာရေးသူ အိပ်မပျော်တဲ့အခါ ပြုမူလေ့ရှိတဲ့ အလေ့အထလေးကို မျှဝေလိုက်ပါတယ်။ စာရေးသူ ညဘက်အိပ်မပျော်တဲ့အခါ ခန္ဓာကိုယ်က အကြောတွေ အကုန်ဖျော့ချလိုက်ပြီး အသက်ကိုတစ်ချက် ဝဝရှူသွင်းရှူထုတ်ပြီး စိတ်ထဲ အိပ်တော့မယ် ဆိုတာကို တွေးပါတယ်။နောက်ပြီး Youtube က Sound sleep music တွေထဲကနေ စာရေးသူက မိုးရွာတဲ့အသံလေး ဖွင့်ထားပြီး အိပ်လေ့ရှိပါတယ်။ ဒါကတော့ စာရေးသူရဲ့နည်းလမ်းလေးပါ။စာဖတ်သူလေးတွေလည်း ကိုယ်ပိုင်နည်းလမ်းလေးနဲ့ အိပ်ပျော်အောင်ကြိုးစားအိပ်ပါ။ အိပ်ချိန်မှန်မှန်ထားပါ။⏰🛌

 

(2) သူငယ်ချင်းတွေနဲ့ ဆုံတွေ့ပါ။
ကိုယ်က မပြုံးချင်တော့လောက်အောင် စိတ်ပျက်စိတ်အားငယ်နေပြီဆိုရင် ကိုယ့်ကိုပျော်အောင်ထားနိုင်တဲ့သူတွေရဲ့ အနားမှာနေလိုက်ပါ။ လူအများစုက Depression ဝင်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် လောကကြီးနဲ့ အဆက်အသွယ် ဖြတ်လိုက်ကြပါတယ်။"ငါ့မှာ ဘာမှမရှိတော့ဘူး။ ငါဘယ်သူနဲ့မှအဆက်အသွယ်လုပ်ချင်စိတ်လည်းမရှိတော့ဘူး"လို့တွေးမိပေမယ့် ဒါကမမှန်ပါဘူးနော်။🙅‍♀️
လူတွေ ကိုယ့်အနားမှာ ရှိနေတဲ့အခါ စိတ်အားတက်စေတာအမှန်ပါ။ သတိမထားမိတာဘဲရှိမှာပါ။ စိတ်အားငယ်နေရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်တွေကိုဖြတ်သန်းလိုက်ပါ။ သူတို့က သင့်ကိုရှေ့ဆက်ဖို့အင်အားတွေပေးပါလိမ့်မယ်။

 

(3) အရက်ကိုရှောင်ပါ။
လူတော်တော်များများဟာ စိတ်ညစ်ရင် အရက်သောက်ကြပါတယ်။ အရက်ကစိတ်ညစ်စရာတွေကို ဖြေဖျောက်ပေးနိုင်တယ်လို့ပြောကြပါတယ်။ တကယ်တော့ အရက်ဟာ စိတ်ညစ်စရာတွေကို ခဏတာဘဲ ဖြေဖျောက်နိုင်တာပါ။အရက်ဟာ စိတ်ညစ်စရာရှိနေတဲ့သူကို ပိုပြီးတော့ Depression ဝင်စေပါတယ်။ သူဟာ လူတွေရဲ့ ဦးနှောက်နဲ့အာရုံကြောကို ထိုင်းမှိုင်းစေပြီး စိတ်ညစ်မှုတွေပိုခံစားစေပါတယ်။ ဒါ့ကြောင့် Depression ရနေပြီလို့သံသယရှိနေရင် အရက်လုံးဝမသောက်ပါနဲ့။😨🙅‍♀️

 

(4) နေ့စဉ်မှတ်တမ်း ရေးကြည့်ပါ။
တစ်ပတ်မှာ အနည်းဆုံး နေ့စဉ်မှတ်တမ်း ၃- ကြိမ်လောက်ရေးကြည့်ပါ။ကျ န်းမာပျော်ရွှင်တဲ့သူတွေဟာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တတ်ကြပါတယ်။ သူတို့တွေဟာ နေ့တစ်နေ့ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ရင်ဆိုင်နိုင်ဖို့ အချိန်ယူ ပြင်ဆင်ထားတတ်ကြတယ်။ နောက်ပြီး သူတို့ စိတ်ဓါတ်ကျတဲ့အခါ ဘယ်လိုတုန့်ပြန်တတ်လဲ ဆိုတာကို နားလည်အောင်ကြိုးစားကြပါတယ်။
"ဒီနေ့ရဲ့ ပျော်စရာတွေကဘာလဲ။ ဝမ်းနည်းစရာကောင်းတာတွေကရော ဘာတွေလဲ။
မနက်ဖြန်အတွက် ဘယ်လို စိတ်ဝင်စားစရာတွေကြုံလာရမလဲ။" စသဖြင့် သုံးသပ် ပြင်ဆင်ထားကြည့်ပါ။
စိတ်ညစ်စရာ အသေးအဖွဲလေးတွေကအစ မတွေးနေပါနဲ့နော်။ ပြဿနာနဲ့ကြုံတိုင်း စိတ်မညစ်ပါနဲ့။
ဖြေရှင်းဖို့ သတ္တိမွေးပါ။ နောင်တစ်ချိန်မှာ တချို့ပြဿနာတွေက ရယ်စရာတွေဖြစ်သွားတတ်ပါတယ်။🤗

 

(5) ဟာသရုပ်ရှင်တွေကြည့်ပါ။
ရယ်မောခြင်းက သင့်ရဲ့စိတ်ဝိညာဉ်ကို ကုစားပေးပါတယ်။ သင်ရယ်မောတဲ့အခါ ဦးနှောက်က Chemicals တွေပြောင်းလဲလာပြီး ပျော်ရွှင်မှုဟော်မုန်းတွေ ထုတ်လာပေးပါတယ်။ စိတ်ပျက်အားငယ်မှုတွေကို ပျောက်ကင်းစေတဲ့ ဆေးစွမ်းကောင်းက ရယ်မောခြင်းပါဘဲ။😉

 

(6) အပြောင်းအလဲတွေ နားဆင်ခံစားကြည့်ပါ။
တစ်ယောက်ထဲဖြစ်လို့ အထီးကျန်လို့ စိတ်ဓါတ်ကျနေတာလား။ ရည်းစားနဲ့ပြတ်သွားလို့ စိတ်ညစ်နေတာလား။ ဒီလိုအချိန်မှာ အချစ်သီချင်းတွေ နားထောင်လို့ မဖြစ်ပါဘူး။ စိတ်ဓါတ်မြှင့်တင်ပေးတဲ့ သီချင်းတွေနားထောင်ပါ။ အဆွေးသီချင်းတွေ အရမ်းနားထောင်လွန်းရင် မီးလောင်ရာ လေပင့်သလို ဖြစ်နေပါလိမ့်တယ်။😌
ဒါမှမဟုတ် အချိန်တစ်ခုအတွက် တိတ်တဆိတ်လေး နေခြင်းကအကောင်းဆုံးပါဘဲ။ အဲ့လိုနေခြင်းက သင့်ကို ကိုယ်ကိုကိုယ် ပြန်သုံးသပ် တွေးတောဖို့ အချိန်ရစေပါတယ်။ တစ်ယောက်ထဲ ဖြစ်နေလို့ စိတ်ဓါတ်ကျနေတယ်လို့ ခံစားနေမယ့်အစား ကော်ဖီလေးသောက်ရင်း ကိုယ့်ရဲ့တစ်နေ့တာနေ့စဉ်မှတ်တမ်းလေးရေးတာဖြစ်ဖြစ် ဝါသနာပါရာဖြစ်ဖြစ် တစ်ခုခုအကျိုးရှိတာလေး လုပ်ပြီး တိတ်ဆိတ်အေးချမ်းမှုရဲ့ အရသာကို ခံစားကြည့်လိုက်ပါ။🥰☕

 

(7) တခုခုကို ဖန်တီးကြည့်ပါ။
ပန်းချီဆွဲခြင်းက စိတ်ကိုတည်ငြိမ်စေပြီး အေးချမ်းစေပါတယ် (ဝါသနာပါသူတွေအတွက်ပေါ့)။ စာရေးတာတို့ ပန်းပင်စိုက်တာတို့တွေလုပ်ပါ။ ကိုယ့်လက်နဲ့ ကိုယ့်ဘာသာ တီထွင်နိုင်တဲ့ပစ္စည်းလေးတွေ ပြုလုပ်ကြည့်ပါ။ ဥပမာ-သိုးမွေးထိုးတာမျိုးတို့ Handmade လေးတွေ လုပ်ကြည့်တာမျိုးတို့ပေါ့။ အဲ့ဒီအခါ စိတ်ရောလူပါနှစ်ပြီး စိတ်ဝင်တစား ပြုလုပ်နေတာမို့ စိတ်ညစ်စရာတွေ မတွေးမိဘဲ နေရတာ သက်သောင့်သက်သာ ရှိသွားပါလိမ့်မယ်။ စိတ်ညစ်တယ်၊ အားငယ်တယ်၊ စိတ်ဓါတ်ကျနေတယ် ဆိုတာက အဲ့လိုကိုယ့်ကို ခံစားရစေတဲ့ အတွေးတွေမှာဘဲ တွယ်ငြိနေလို့ပါ။😕

 

(8) လိုအပ်နေသူတွေကို ကူညီလိုက်ပါ။
Me, Myself, I စတဲ့ ကိုယ့်ကိုကိုယ်ဘဲ ကြည့်တတ်တဲ့ ကျဉ်းမြောင်းတဲ့ ဦးတည်ချက် တချို့ကနေ ရုန်းထွက်လိုက်ပါ။ ကိုယ့်အကြောင်းကို တွေးနေမိတာကနေ ရုန်းထွက်နိုင်ဖို့က သူများတွေကို စာနာပြီးတွေးပေးခြင်းပါဘဲ။
ဥပမာ-ကိုယ်ကကျောင်းကို အေးဆေးတက်နိုင်ပြီး "ငါသူများတွေလို မအောင်မြင်ပါလားလို့"တွေးပြီး စိတ်ဆင်းရဲခံနေမယ့်အစား ကျောင်းမတက်ရ ဘဝကံခေတဲ့သူလေးတွေကို ငဲ့ကြည့်ပြီး စာနာသင့်တယ်မဟုတ်လား။ တချို့သောအဓိပ္ပါယ်မရှိတဲ့အတွေးတွေ အဝင်ခံနေတာထက် အိမ်ယာမဲ့တွေ၊အဘိုးအဘွားတွေ၊ မိဘမဲ့တွေကို ကူညီလိုက်စမ်းပါ။🥰🥳
"မင်းပေါ့ပေါ့တန်တန် သဘောထားတဲ့အရာတွေကို တခြားသူတွေကို ရဖို့ ဆုတောင်းမျှော်လင့်နေကြရတယ်ဆိုတာကို သတိရပါ။"

 

(9) လှုပ်ရှား၊ ကစားပါ။
စိတ်ဓါတ်ကျတဲ့အခါ ကလေးတွေ ကစားနေတာကို ကြည့်ပါ။ အားပြန်ပြည့်လာလိမ့်မယ်တဲ့။ နောက်ပြီး စက်ဘီးစီးတာတို့ လမ်းလျှောက်ထွက်တာတို့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပါ။
ကလေးငယ် တစ်ယောက်လို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေပစ်လိုက်ပါ။ စိတ်ညစ်တဲ့အခါမှာ အခန်းတွင်းအောင်းနေမယ့်အစား၊ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူတာမျိုးတွေ ပြုလုပ်ပါလို့ပြောချင်ပါတယ်။
ကဲ..ဒါဆိုရင် စာဖတ်သူလေးတွေလဲ စိတ်ဓာတ်ကျနေတဲ့အခါ ဘယ်လို ပြုမူနေထိုင်သင့်သလဲဆိုတာကို တစွန်းတစ သိသွားမယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုကိုယ်သာပိုင်တာမို့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းဟာလည်း ကိုယ်နဲ့ဘဲဆိုင်ပါတယ်။ 💖ကိုယ့်ကိုကိုယ် ချစ်တတ်ကြပါစေ။💖

Personal Skills & Development Plan

ဒေါ်မြတ်ဆုပြည့်စုံ