Category - Start-up & Entrepreneurship

Posted on - 2021-01-06 12:54:10

Zappo ရဲ့ စီအီးအို တိုနီရှေးလ်

Description

'---------'

အခုခေတ်ရဲ့နာမည်ကြီးတဲ့ စွန့်ဦးတီထွင်သူတွေအထဲမှာ ဟိုတလောက ကွယ်လွန်သွားတဲ့ တိုနီရှေးလ်က တော်တော်ထူးခြားတယ်။ အမေရိကန်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချလာတဲ့ထိုင်ဝမ်နိုင်ငံသားမိဘတွေက မွေးဖွားခဲ့တဲ့သူပေါ့။ သူ့ကို ဖိနပ်ရောင်းတဲ့ Zappo ရဲ့ စီအီးအို၊ ပူးတွဲတည်ထောင်သူအနေနဲ့တော့ လူတိုင်းသိကြပါတယ်။ တကယ်တော့ အဲဒီမတိုင်ခင်က အင်တာနက်ခေတ်ဦးပိုင်းမှာ LinkExchange ဆိုတဲ့ အွန်လိုင်းကြော်ငြာလုပ်ငန်းတခုကိုတည်ထောင်ခဲ့သေးတယ်။ အဲဒီလုပ်ငန်းက ဝင်ငွေကောင်းနေပေမယ့် စီမံခန့်ခွဲရတာ ပျော်စရာမကောင်းတော့လို့ဆိုပြီး မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို ရောင်းလိုက်တယ်။ သူ့ရဲ့နောက်ထပ်လုပ်ငန်းတွေမှာ ပျော်ရွှင်နှစ်သက်စရာကောင်းတဲ့လုပ်ငန်းခွင်ကို စိတ်တိုင်းကျတည်ဆောက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်တဲ့။
 သူ့မှာ ဆီလီကွန်ဗယ်လီက အခြားနည်းပညာလုပ်ငန်းရှင်တွေလို တမင်လုပ်ယူထားတဲ့စတိုင်တွေ မမြင်ရဘူး။ ဆံပင်ကိုထောင်ပြီးအချွန်ထားလိုက်၊ ကတုံးဆံတောက်ထားလိုက်နဲ့ အဝတ်အစားကိုလဲ ဒီဇိုင်းမျိုးစုံဝတ်တယ်။ စိတ်ဝင်စားစရာကောင်းတာက Zappos မှာကျင့်သုံးတဲ့ သူ့ရဲ့အယူအဆတွေပဲ။ လုပ်ငန်းရဲ့မော်ဒယ်က Drop-shipping ကိုအခြေခံတာမို့ သိပ်မထူးခြားပေမယ့် Customer Service ကိုအကောင်းဆုံးဖြစ်ဖို့ Culture တခုကိုတည်ဆောက်ခဲ့တာက လူတိုင်းပြောစမှတ်ပြုရတဲ့အချက်ပဲ။ "ဝယ်သူတွေလဲ ပျော်ရမယ်၊ ဝန်ထမ်းတိုင်းလဲ ပျော်နေဖို့လိုတယ်" လို့လက်ခံထားတယ်။ "Create fun and a little weirdness" က သူတို့လုပ်ငန်းရဲ့ဆောင်ပုဒ်ပဲ။
သူ့ရဲ့ကုမ္ပဏီမှာ ဝန်ထမ်းတွေကို လွတ်လပ်ခွင့်ပေးထားတာက ဘယ်ကုမ္ပဏီနဲ့မှမတူဘူး။ ရာထူးအဆင့်တွေဆိုတာ ဘာမှအရေးမကြီးဘူးလို့ ယူဆထားတယ်။ ဝန်ထမ်းတွေကကြိုတ်တာဝတ်ပြီး၊ အလုပ်စားပွဲနားမှာ ကြိုက်သလိုအလှဆင်ထားလို့ရတယ်။ အလုပ်စခန့်ကတည်းက "ထူးထူးခြားခြားတွေးတဲ့သူ၊ ခပ်ကြောင်ကြောင်တွေစဉ်းစားသူ" ဆိုတဲ့လူမျိုးကို ဦးစားပေးခန့်တယ်။
ဝယ်မယ့်သူတွေက သူတို့လုပ်ငန်းကို ဖုန်းဆက်ပြီးတော့ အချိန်အကြာကြီးစကားပြော၊ အမျိုးမျိုးမေးမြန်းစုံစမ်းတာတွေကို ခွင့်ပြုထားတယ်။ ဖုန်းဖြေပေးတဲ့ဝန်ထမ်းတွေကို "ဝယ်လိုသူက ဘာမေးရင် ဘယ်လိုဖြေ၊ ဘာပြီးရင် ဘာပြောရမယ်" လို့မသတ်မှတ်ထားပဲ စိတ်ကြိုက်ပြောဆိုခွင့်ပေးတယ်။ သူတို့ရဲ့စားသုံးသူတွေအတွက် ဝန်ဆောင်မှုကောင်းအောင် လိုက်လျောလုပ်ဆောင်ပေးတဲ့ဇာတ်လမ်းတွေဟာ လူသိများပါတယ်။
သူ့ကုမ္ပဏီအခြေစိုက်တဲ့ လပ်စ်ဗီးဂတ်မြို့မှာ Startup တွေနဲ့ ဖန်တီးမှုအကောင်းဆုံးလုပ်ငန်းတွေ လာစုဖို့ရည်ရွယ်ပြီးတော့ Downtown Project ဆိုတာကို စတင်ခဲ့တယ်။ သူ့ရဲ့ ရသမျှငွေကို အဲဒီပရောဂျက်ထဲ ပြန်ထည့်ပြီးတော့လုပ်ပြတာတွေက လူတွေအသိအမှတ်မပြုပဲ မနေနိုင်အောင်ပဲ။ Caravan လို့ခေါ်တဲ့ Airstream ကားနောက်ဆွဲအိမ်လေးတွေနဲ့ အုပ်စုဖွဲ့နေထိုင်ကြတဲ့နေရာတွေဖန်တီးပေးပြီးတော့ Airstream Village လို့နာမည်ပေးလိုက်တယ်။ အဲဒီမှာ နယ်ပယ်အမျိုးမျိုးက လူပေါင်းစုံ ဟစ်ပီတွေလို လာစုနေကြပြီး အိုင်ဒီယာတွေဖလှယ်ကြတယ်။ ညတိုင်းနီးပါး မီးပုံပွဲတွေ၊ သီချင်းဝိုင်းတွေရှိတယ်။ သူကိုယ်တိုင်လဲ သူ့ရဲ့ဇိမ်ခံတိုက်ခန်းပေါ်ကနေဆင်းလာပြီး အဲဒီနေရာမှာ သူ့ဝန်ထမ်းတွေနဲ့အတူ Caravan တလုံးနဲ့ သွားနေသေးတယ်။ လုပ်ငန်းရှင်ပေါက်စလေးတွေကိုအကြံပေးတယ်၊ သူစိတ်ဝင်စားတဲ့လုပ်ငန်းဆိုရင် ဘာလုပ်ငန်းဖြစ်ဖြစ် ရင်းနှီးမြုတ်နှံပေးတယ်။ ဒါကြောင့် လပ်စ်ဗီးဂတ်မြို့က လုပ်ငန်းလေးတွေက သူ့ကိုသိပ်သဘောကျကြတယ်။
အရင်ကတော့ သူက Zappos ကို ဝန်ဆောင်မှုအကောင်းဆုံးအနေနဲ့ လူတိုင်းကသိရှိလက်ခံလာအောင်ကြိုးစားပြီးရင် နောက်ပိုင်းမှာ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းအပါအဝင် အခြားဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေအမျိုးမျိုးကို တိုးချဲ့လုပ်ဆောင်ဖို့ စိတ်ကူးခဲ့တာပါ။ ဒါပေမယ့် ဘာစိတ်ပြောင်းသွားလဲမသိဘူး၊ ၂၀၀၉ ခုနှစ်မှာတော့ Amazon ရဲ့ဝယ်ယူဖို့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တယ်။ စီအီးအိုအနေနဲ့ ဆက်လက်တာဝန်ယူခဲ့ပြီးတော့ ၂၀၂၀ ခုနှစ်မှာတော့ လုပ်ငန်းကနေ လုံးဝအနားယူလိုက်တယ်။ စိတ်မကောင်းစရာက ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကပဲ သူ့အိမ်တလုံးထဲမှာ တယောက်တည်းရှိနေတုန်း အိမ်ခန်းမီးလောင်ပြီးတော့ ရတဲ့ဒဏ်ရာနဲ့ ကွယ်လွန်သွားတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ သူ့ရဲ့နောက်ဆုံးအချိန်တွေကို အတိအကျမသိရပဲ အမျိုးမျိုးထင်မြင်နေကြတုန်းပဲ။ သူကွယ်လွန်တာကို လပ်စ်ဗီးဂတ်မြို့က လွမ်းဆွတ်အမှတ်တရပွဲတွေ အများကြီးလုပ်ပေးခဲ့တယ်။
တိုနီရှေးရဲ့ အတွေးအခေါ်အယူအဆတွေ၊ အတ္ထုပ္ပတ္တိ တစိတ်တဒေသအကြောင်းနဲ့ ဇတ်ပိုကုမ္ပဏီကို ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကို သူကိုယ်တိုင်အသေးစိတ်ရေးသားထားတဲ့ Delivering Happiness ဆိုတဲ့စာအုပ်က သိပ်နာမည်ကြီးတယ်။ စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားသူတိုင်း ဖတ်ကြည့်သင့်တယ်။
(ဒီစာအုပ်တအုပ်လုံးကို အင်္ဂလိပ်လိုဖတ်ဖို့ အချိန်မပေးနိုင်သေးရင်တော့ ကျွန်တော်တို့ Aung Myin Learning App မှာ မြန်မာလို စာအုပ်အနှစ်ချုပ်ဖော်ပြထားတဲ့ဗီဒီယိုကိုကြည့်နိုင်ပါတယ်။ ဒါကတော့ ကြော်ငြာဝင်တာပါ။)
အားလုံး ပျော်ရွှင်ကြပါစေ။

Delivering Happiness

အောင်မြင်