Category - Personal Development

Posted on - 2020-10-09 11:42:56

စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်မယ့်နည်းလမ်း (၁၀) ခု

Description

'----------'

လိုချင်တပ်မက်စရာတွေသိပ်များပြီး၊ အပြိုင်အဆိုင်ပြင်းထန်လှတဲ့ ဒီနေ့ခေတ်အချိန်မှာ Stress ဆိုတဲ့ စိတ်ဖိစီးမှုဟာ လူတိုင်းအတွက် ရှောင်လွှဲလို့မရတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်မယ့်၊ သိပ္ပံနည်းကျ လေ့လာစမ်းသပ်ထားပြီးဖြစ်တဲ့ နည်းလမ်း (၁၀) ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

တိရိစ္ဆာန်ရုံထဲမှာ ငေးငိုင်ပြီး၊ စိတ်ဆင်းရဲနေပုံပေါက်တဲ့ တိရိစ္ဆာန်တွေကို တွေ့ဖူးကြပါလိမ့်မယ်။ တောထဲက တိရိစ္ဆာန်တွေကို ကြည့်ရင်တော့ မြူးတူးခုန်ပေါက်နေတာ တွေ့ပါလိမ့်မယ်။ အလားတူဘဲ လူတွေဟာလည်း ကိုယ်လက်လှုပ်ရှားမှု နည်းလာတာနဲ့အမျှ စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းလာပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာဖို့ ပိုလွယ်ကူလာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ ဆိုးကျိုးတွေဆိုတာက အမြင်၊ အကြားအာရုံတွေက တဆင့် ဦးနှောက်နဲ့ ကိုယ်ခန္ဓာကို သက်ရောက်မှုဖြစ်လာတာတွေမို့ပါပဲ။ ဒါကြောင့် ဘယ်လောက်အလုပ်ရှုပ်ပါစေ ချွေးထွက်စေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်ပတ်ကို ၃-ကြိမ် (တစ်ကြိမ်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့်) လုပ်ဆောင်သင့်ပါတယ်။

၂။ ကော်ဖီသောက်သုံးမှုကို လျော့ချပါ။

ဒီနေ့ခေတ်မှာ လူအများစု (အထူးသဖြင့် ရုံးဝန်ထမ်းများ) ဟာ နေ့စဉ် ကော်ဖီ ၂-ခွက်လောက် သောက်သုံးကြပြီး၊ ကိုယ့်ကိုယ်ကို ကော်ဖီစွဲနေပြီလို့ ယူဆလိုက်ကြပါတယ်။ ကော်ဖီကို ဘာကြောင့်သောက်သုံးတာပဲဖြစ်ဖြစ်၊ အရေအတွက် ပမာဏများလာတာနဲ့အမျှ ကောင်းမွန်စွာ အိပ်စက်မှုကို အနှောင့်အယှက်ပေးတာ၊ စိတ်မတည်ငြိမ်မှုဖြစ်စေတာတွေကို ကြုံရနိုင်ပါတယ်။ ဒါကြောင့် အလုပ်ပင်ပန်းလာချိန်တွေမှာ ကော်ဖီသောက်သုံးတာကို တတ်နိုင်သမျှ လျှော့ချနိုင်အောင် ကြိုးစားပါ။

၃။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ အနားယူပါ (သို့) တရားထိုင်ပါ။

ကောင်းမွန်စွာ အနားယူခြင်းဟာလည်း ကိုယ်လက်လှုပ်ရှားမှုလိုပဲ မမေ့မလျော့ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်ပါတယ်။ အလုပ်ကိစ္စတွေနဲ့ ပတ်ဝန်းကျင်အနှောင့်အယှက်တွေနဲ့ ကင်းဝေးရာမှာ Deep relaxation ဆိုတဲ့ စိတ်ရောကိုယ်ပါ ဖြေလျော့ပြီး အနားယူလိုက်ခြင်းဟာ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးသက်သာစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ခရီးဝေးကို သွားရောက်အနားယူဖို့ ခက်ခဲသူတွေအနေနဲ့လည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ ခဏအနားယူတာ (သို့) တရားထိုင်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။

၄။ အချိန်မှန် အိပ်စက်ပါ။

လူတစ်ယောက်အတွက် ပျှမ်းမျှအိပ်စက်ချိန် ၈ နာရီလောက် လိုအပ်တယ်လို့ ဆိုကြပေမယ့်၊ လူတစ်ယောက်နဲ့တစ်ယောက် နေထိုင်မှုပုံစံ၊ အလုပ်အကိုင်တွေ မတူညီတာကြောင့် အိပ်ချိန် အနည်းအများ ကွာခြားမှုရှိကြပါတယ်။ ဒါပေမယ့် အိပ်ချိန်နည်းလွန်းတာ၊ အချိန်မှန်မအိပ်တာတွေများလာလို့ Body Rhythm မမှန်တော့ရင် အလုပ်ပြီးမြောက်မှုတွေကို အနှောက်အယှက်ဖြစ်စေရုံသာမက စိတ်ဖိစီးမှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကိုဖြေရှင်းဖို့ အလွယ်ဆုံးနည်းကတော့ အိပ်ရာဝင်ချိန်ကို နာရီဝက်ခန့်စောအိပ်လိုက်ပြီး၊ ပုံမှန်အိပ်ရာထချိန်အတိုင်း ထလိုက်ဖို့ပါပဲ။နေ့လည်နေ့ခင်းမှာ ၁၅-မိနစ်ခန့် ခဏမှေးစက်လိုက်တာမျိုးလည်း ကိုယ့်အလုပ်ချိန်နဲ့ ကိုက်ညီရင် အဆင်ပြေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၅။ တဆက်တည်း မရပ်မနား အလုပ်လုပ်ခြင်းကို ရှောင်ကြဉ်ပါ။

လူတစ်ယောက်ရဲ့ အာရုံစူးစိုက်ပြီး အလုပ်လုပ်နိုင်တဲ့အချိန်က တသတ်မတ်တည်းရှိနေတာ မဟုတ်လို့၊ အာရုံစိုက်နိုင်စွမ်း လျော့နည်းလာပြီလို့ ခံစားလာရချိန်မှာ ခဏအနားယူသင့်ပါတယ်။ သာမာန်အားဖြင့်တော့ တစ်နေ့တာအလုပ်ချိန်အတွင်းမှာ ၂-နာရီခန့်အလုပ်ချိန်ပြီးတိုင်း မိနစ် ၂၀-ခန့်အနားယူသင့်တယ်လို့ ဆိုကြပါတယ်။

၆။ ကိုယ်တိုင်ထိန်းချုပ်လို့မရနိုင်တဲ့ ရလဒ်တွေကို လွန်ကဲစွာ မမျှော်လင့်ပါနဲ့။

ဒီအချက်ဟာ ရည်မှန်းချက်တွေ မသတ်မှတ်ပါနဲ့လို့ ဆိုလိုတာမဟုတ်ပါဘူး။ အချို့ကိစ္စရပ်တွေရဲ့ ပြီးမြောက်အောင်မြင်မှုဟာ ပတ်ဝန်းကျင်အခြေအနေတွေရဲ့ သက်ရောက်မှု (ဥပမာ - နိုင်ငံရေးပြောင်းလဲမှု) တွေကြောင့် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လက်တွေ့မကျတဲ့ (သို့) ဖြစ်နိုင်ခြေနည်းတဲ့ ရည်မှန်းချက်တွေချမှတ်မိတာကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာတာလားဆိုတာကို သတိပြုမိဖို့လိုပါတယ်။

၇။ ရှုမြင်သုံးသပ်ပုံတွေကို ပြောင်းလဲကြည့်ပါ။

ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအရာတွေ၊ အကောင်းအဆိုးရလဒ်တွေ၊ ပေါင်းသင်းဆက်ဆံနေရတဲ့သူတွေအပေါ် အကောင်းမြင်တတ်ရုံသာမကဘဲ မှန်မှန်ကန်ကန် သုံးသပ်ဖို့လည်း လိုပါတယ်။ ဥပမာ၊ ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားတွေပိတ်ဆို့နေတာကို ကိုယ့်အတွက်ဒုက္ခတစ်ခုလို ရှုမြင်သုံးသပ်နေရင် စိတ်ညစ်နေရမှာပဲဖြစ်ပါတယ်။ ဒါကို သီချင်းနားထောင်ဖို့အချိန်ရတာပေါ့လို့ ခံယူလိုက်ရင်တော့ စိတ်ဖိစီးစရာကိစ္စမဖြစ်နိုင်တော့ပါဘူး။ အလားတူပဲ ကိုယ်က ဘောလုံးဝါသနာရှင်တစ်ယောက်ဆိုရင် နာမည်ကျော် ဘောလုံးအသင်းကြီးတွေ တစ်ခါတစ်လေမှာရှုံးနိမ့်တတ်တာဟာ ဖြစ်လေ့ရှိတဲ့သဘာဝပါပဲဆိုတာကို သုံးသပ်နိုင်ဖို့လိုပါတယ်။ ဒါကို ကိုယ်အားပေးတဲ့အသင်းရှုံးနိမ့်သွားလို့ဆိုပြီး ကိုယ့်ရဲ့ကျရှုံးမှုလို ခံစားနေတာဟာ အဓိပ္ပါယ်မရှိရုံသာမက၊ မလိုအပ်ဘဲ ကိုယ့်ရဲ့ စိတ်အခြေအနေကို ဆိုးကျိုးဖြစ်စေပါတယ်။

၈။ ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ပြန်ဆန်းစစ်ကြည့်ပါ။

ကိုယ့်ရဲ့အသက်အရွယ်၊ ပညာဗဟုသုတတွေ ပြောင်းလဲလာတာနဲ့အမျှ ကိုယ်ရဲ့ ယုံကြည်မှုတွေ ပြောင်းလဲလာလေ့ရှိတာကို သတိပြုမိမှာပါ။ ကိုယ့်ရဲ့ စွဲမြဲနေတဲ့ အချို့ယုံကြည်မှုတွေက လက်ရှိအနေအထားနဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒါတွေကြောင့် မလိုအပ်ဘဲ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာ " အလုပ်တစ်ခုရဲ့ အကောင်းဆုံးရလဒ်ကို လိုချင်ရင် ကိုယ်တိုင်လုပ်မှ ရမှာပေါ့" ဆိုတာမျိုးက လူအများ မှားယွင်းစွာ ယုံကြည်နေတတ်တဲ့ဟာမျိုးပါ။ တကယ်လုပ်နိုင်မယ့်သူ (သို့) လေ့လာပြီး ကြိုးစားလုပ်ဆောင်ချင်သူတွေကို လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းအားဖြင့် ပိုကောင်းတဲ့ရလဒ်တွေရလာနိုင်သလို၊ ကိုယ်တိုင်လည်း အနားယူဖို့ အချိန်ရလာနိုင်ပါတယ်။

၉။ ခံစားနေရတာတွေကို ဖွင့်ထုတ်၊ မျှဝေလိုက်ပါ။

စိတ်ဆရာဝန်တွေဟာ "ဆရာ့ကို ပြောပြလိုက်ရလို့ ခံစားနေရတာတွေ တဝက်သက်သာသွားပြီ" ဆိုတဲ့စကားကို မကြာခဏကြားရလေ့ရှိပါတယ်။ လူသဘာဝအရ ကိုယ့်ရဲ့ ခံစားချက်၊ ထင်မြင်ချက်တွေကို အခြားသူတွေကို မျှဝေချင်ကြပြီးတော့ ထောက်ခံအတည်ပြုခံရတာကို လိုချင်ကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတစ်ခုရှိလာပြီလို့ ယူဆရင် ကိုယ့်ရဲ့ခင်မင်ရသူတွေ၊ ယုံကြည်ရသူတွေကို မျှဝေပြောကြားလိုက်ပါ။ အဲဒီအစား အချို့ကတော့ ကိုယ်တိုင်ပဲ စာရွက်လွတ်ပေါ်မှာ ချရေးလိုက်တဲ့နည်းကို သုံးကြပါတယ်။

၁၀။ ဟာသတွေကို ခံစားကြည့်ပါ။

"ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်" ဆိုတဲ့စကားကို ကြားဖူးပါလိမ့်မယ်။ ရယ်မောလိုက်တာကြောင့် မျက်နှာပြင်ပေါ်က တင်းကျပ်နေတဲ့ကြွက်သားတွေ ပြေလျော့သွားပြီး၊ စိတ်ဖိစီး တင်းကျပ်နေတာတွေကိုလည်း အမြန်ဆုံးသက်သာသွားနိုင်ပါတယ်။ အားရပါးရရယ်မောမှု တစ်ကြိမ်ဟာ ကိုယ်ခန္ဓာရဲ့ကြွက်သားတွေအပေါ် ၄၅ မိနစ်ကြာအောင် သက်ရောက်မှုရှိတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။ ရယ်မောလိုက်ခြင်းက ဦးနှောက်က ထုတ်ပေးတဲ့ Endorphins ဓာတ်တွေကို လှုံ့ဆော်ပေးတာကြောင့် စိတ်ဖိစီးမှုနဲ့ဆက်စပ်တဲ့ ဆိုးကျိုးတွေအားလုံးကို သက်သာစေပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်အချိန်မှာ စိတ်ဖိစီးမှုတွေကို လုံးဝမဖြစ်ပေါ်အောင် တားမြစ်ဖို့ မလွယ်ကူပေမယ့် မလိုလားအပ်တဲ့ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့တော့ ကိုယ့်ရဲ့ အမူအကျင့်တွေ၊ တွေးခေါ်စဉ်းစားပုံ၊ လူနေမှုဘဝပုံစံတွေ၊ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတို့ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း တခြားသော စိတ်ဝင်စားစရာ၊ ဗဟုသုတရစရာတွေကို တင်ပြပေးသွားပါဦးမယ်။

Know Your Stress & Manage Your Anger

Ko Bo Lay