Category - Personal Development

Posted on - 2020-10-09 11:56:24

ဝန်ထမ်းတွေရဲ့စိတ်အားထက်သန်မှုအတွက် အရေးပါတဲ့ "MAP" ဆိုတဲ့ အချက် (၃) ချက်

Description

'----------'

ကိုယ့်ရဲ့ ဝန်ထမ်းတွေကို အကောင်းဆုံး ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ အတွက် ကြိုးစားပြီး အလုပ်လုပ်ချင်စိတ်ရှိအောင် လှုံ့ဆော်ပေးဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ လူဆိုတာ စက်တွေလို မဟုတ်တဲ့အတွက် ခလုတ်နှိပ်လိုက်ရုံနဲ့ အခါခပ်သိမ်းကို ကိုယ်လိုချင်သလို ဖြစ်မလာနိုင်တာကို လုပ်ငန်းရှင်တွေအနေနဲ့ သိထားရပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဝန်ထမ်းတွေကို အလုပ်လုပ်ချင်လာအောင် အားပေးလှုံ့ဆော်ပေးဖို့ဆိုရင် MAP ဆိုတဲ့ အချက်(၃)ချက်ကို သတိရသင့်တယ်လို့ နာမည်ကျော် စာရေးဆရာနဲ့ နည်းပညာရှင် တစ်ဦးဖြစ်သူ Guy Kawasaki က ဖော်ပြခဲ့ပါတယ်။

Ⓜ️ ဆိုတဲ့ Mastery ကတော့ ဝန်ထမ်းတွေကို လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးတွေ အမြဲမြှင့်တင်ပေးနေရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ သက်ဆိုင်ရာ လုပ်ငန်း ဧရိယာမှာ ကျွမ်းကျင်ပိုင်နိုင်မှုရှိမှသာ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးနဲ့ ထုတ်လုပ်မှုပမာဏကို စိတ်ကြိုက် ထိန်းညှိနိုင်စွမ်းရှိတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။

🅰️ ဆိုတဲ့ Autonomy ကတော့ ဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းကိစ္စတွေကို ဆောင်ရွက်ရာမှာ အရည်အချင်းပေါ်မူတည်ပြီး ကိုယ့်ရဲ့ သဘောဆန္ဒအလျောက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးတာကို ဆိုလိုပါတယ်။ ဝန်ထမ်းတွေဟာ ပိုမိုပြီး ကျွမ်းကျင်မှု ရှိလာလေလေ ကိုယ့်ရဲ့ လုပ်ငန်း ဧရိယာကို ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်လုပ်ဆောင်ချင်လေလေ ဖြစ်တဲ့အတွက် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရရှိခြင်းဟာ အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🅿️ ဆိုတဲ့ Purpose ကတော့ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေကို ဝန်ထမ်းတွေအနေနဲ့ အမြဲသိမြင်နေအောင် ပြုလုပ်ထားရမှာကို ဆိုလိုပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနေတဲ့ အဖွဲ့အစည်းတွေဟာ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ လုပ်ငန်းရဲ့ ရည်ရွယ်ချက်တွေအတိုင်း အောင်မြင်မှုတွေ ရှိလာတဲ့အခါမှာလည်း ဝန်ထမ်းတွေနဲ့အတူတကွ အောင်ပွဲခံတဲ့ အထိမ်းအမှတ်ပွဲတွေ မကြာခဏ ပြုလုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ သူတို့လုပ်ဆောင်နေတဲ့ အလုပ်တွေရဲ့ အရေးပါမှုနဲ့ လုပ်ငန်းရဲ့ တန်ဖိုးထားမှုတွေကို စဉ်ဆက်မပြတ် သိမြင်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ဝန်ထမ်းတွေကို အလုပ်လုပ်ချင်လာအောင် အားပေးလှုံ့ဆော်ရာမှာ ငွေကြေးကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းတွေနဲ့သာမက အထက်မှာ ဖော်ပြခဲ့တဲ့ MAP ဆိုတဲ့ အချက်(၃)ချက်ကိုလည်း သက်ရောက်မှုရှိအောင် လုပ်ဆောင်သင့်ပါတယ်။

Enchantment

အောင်မြင်